Friday, October 25, 2013

အောက်တိုဘာလ ၂၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်


အောက်တိုဘာလ ၂၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

နည်းပညာခေတ်နှင့် ကလေးများ၏ ကာယဖွံ့ဖြိုးရေး

ကစားကွင်းများအတွင်း ပျော်ရွှင်စွာ ပြေးလွှား ဆော့ကစားနေသည့် ကလေးများက မြင်ရသူကို စိတ်ချမ်းမြေ့ ကြည်နူးစေ၏။ သို့သော် ရပ်ကွက်များအတွင်း၊ မြို့များအတွင်း သာမက ကျောင်းအချို့၌ပင် ကလေးကစားကွင်းများ တစ်စစ ပျောက်ကွယ်၍ လာနေသည်။ ကစားကွင်းများ နေရာတွင် ကုမ္ပဏီ အဆောက်အအုံများ၊ စူပါမားကက်ကြီးများက နေရာယူလာသည်။ တတိယ လှိုင်းနှင့်အတူ မြန်မာနိုင်ငံသည်လည်း အိုင်တီခေတ်၊ အီလက်ထရွန်နစ် ခေတ်အတွင်းသို့ ချင်းနင်းဝင်ရောက်လာရာ ကလေးများသည် ကစားကွင်းအစား ဂိမ်းဆိုင်များသို့ ရောက်ကုန်၏။ ဘောလုံးကန်ရမည့်အစား အိုင်ပက်ဟု ခေါ်ဆိုသော အပြားတစ်ပြားကို ပွတ်၍နေကြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ရှင်ယောင်ဆိုးက အာရှ-ပစိဖိတ် နိုင်ငံများသည် ဘ၀နေထိုင်မှု သွင်ဟန်ကြောင့် ဖြစ်ပွားသော ရောဂါများ၏ စိန်ခေါ်မှုနှင့် အပြင်းအထန် ရင်ဆိုင်နေရကြောင်း အောက်တိုဘာ ၂၁ ရက်က ပြောကြားခဲ့သည်။ အစားစားသည့်ပုံစံ ပြောင်းလဲခြင်းနှင့် ကိုယ်လက် လှုပ်ရှားမှု နည်းပါးခြင်းတို့ကြောင့် ဖြစ်ပေါ်သော ရောဂါများသည် အာရှနိုင်ငံများ၌ အလွန်အမင်း မြင့်မားလာသည်ဟု ၎င်းက ဆိုသည်။

ရှင်ယောင်ဆိုးက ဆက်လက်၍ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀-၄၀ မှစ၍ အာရှတိုက်တွင် နေထိုင်သူများကို လေ့လာခဲ့ရာ ဆီးချိုရောဂါ ဖြစ်ပွားမှု၌ အနောက်တိုင်းထက် များစွာ ပိုနေသည်ဟုဆိုပြီး ကျွန်ုပ်တို့ အနေဖြင့် အမူအကျင့်များ ပြောင်းလဲရမည် ဖြစ်ကြောင်းနှင့် လူ့အဖွဲ့အစည်း တစ်ရပ်လုံးက ယင်းပြဿနာကို ကိုင်တွယ်ဖြေရှင်း ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ WHO ညွှန်ကြားရေးမှူးသည် ယခုသီတင်းပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ပြုလုပ်သည့် WHO အစည်းအဝေးတွင် ယင်းပြဿနာကို တင်ပြခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၁ ရက်မှာပင် ပုံမှန်ကိုယ်လက် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် ကလေးများ၏ ပညာရည် တိုးတက်မှု မှတ်တမ်း၌ အဆင့်တိုးတက် လာစေကြောင်းနှင့် အထူးသဖြင့် သိပ္ပံပညာတွင် ပိုမိုထူးချွန် လာစေကြောင်း ဗြိတိန်နိုင်ငံတွင် ပြုလုပ်သည့် သုသေတန အဖွဲ့တစ်ဖွဲ့၏ လေ့လာချက် တစ်ရပ်အရ တွေ့ရှိရကြောင်း သတင်းတစ်ပုဒ်ကို ဖော်ပြထားသည်။ ကိုယ်လက်လှုပ်ရှားမှုများလေ ကလေးများ၏ ကျောင်း၌ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လေ ဖြစ်ကြောင်း အဆိုပါ လေ့လာချက်အရ သိရသည်။ ယင်းလေ့လာချက်ကို အင်္ဂလန်၊ စကော့တလန်နှင့် အမေရိကန်တို့မှ သုသေတန ပညာရှင်တို့က ပြုလုပ်ကြပြီး ဗြိတိန်နိုင်ငံ၏ အားကစား ဆေးပညာ ဂျာနယ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

အမှန်တကယ်၌ နိုင်ငံတစ်နိုင်ငံတွင် ကလေးများ၏ အနာဂတ်သည် နိုင်ငံ၏ အနာဂတ်ပင် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံအများစုက ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် စီမံကိန်းများချကာ ကြိုးပမ်းဆောင်ရွက် နေခြင်းဖြစ်သည်။ ယခုအခါ ကာယဖွံ့ဖြိုးမှုသည် ဉာဏဖွံ့ဖြိုးမှုနှင့်ပါ ဆက်စပ်နေကြောင်း တွေ့ရှိလာရသည်။ ၎င်းအပြင် ပြေးလွှားဆော့ကစား နေရမည့် ကလေးအရွယ်တွင် ကွန်ပျူတာတစ်လုံး၊ အီလက်ထရွန်နစ် ကိရိယာ တစ်ခုနှင့်အတူ ငြိမ်သက်နေကာ အသင့်လုပ် သရေစာ များကိုသာ အားပြုစားသုံးခြင်းကြောင့် အ၀လွန်ခြင်းနှင့် ဆီးချိုရောဂါ ကဲ့သို့သော ဘ၀နေထိုင်မှု သွင်ဟန်ကြောင့် ဖြစ်ပွားသော ရောဂါများနှင့် ကြုံတွေ့လာရသည်။ ထို့ကြောင့် နိုင်ငံတော် အနေဖြင့် လည်းကောင်း၊ လူမှုအဖွဲ့အစည်း အသီးသီး အနေဖြင့် လည်းကောင်း၊ လူတစ်ဦးချင်း အနေဖြင့် လည်းကောင်း ကလေးများ ကိုယ်လက်လှုပ်ရှား အားကစားခြင်းကို အားပေးကာ ကလေးများ အားကစား လှုပ်ရှားမှုများ ပြုလုပ်နိုင်မည့် ပတ်ဝန်းကျင် ကောင်းများကို ဖန်တီးပေးသင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသား အပ်ပါသည်။
Eleven Media Group မှပြန်လည်ကူးယူဖေါ်ပြပါသည်။

1 comment:

  1. အသင့်လုပ်သရေစာတွေထဲမှာမှ၊တရုတ်ပြည်ကလာတဲ့ထုပ်ပိုးပုံစံလှလှနဲ့သရေစာတွေဟာပိုဆိုးတယ်။
    အမှန်ပြောရရင်၊ဗမာပြည်ကကလေးတွေကိုရည်ရွယ်ချက်ရှိရှိနဲ့အဆိပ်ခတ်နေသလားပဲ။သူတို့ဆီက
    Expired တွေနဲ့ထည့်လုပ်ထားတာတွေပဲဖြစ်တယ်။ဒီကတာဝန်ရှိသူတွေကလည်း၊အသေအချာမစစ်ဆေး
    နိုင်တော့၊ဘာတွေပါနေမှန်းကိုမပြောနိုင်ဘူးဖြစ်နေတယ်။အကောင်းဆုံးကတော့၊တရုတ်ဖြစ်သရေစာတွေ
    ကို၊လုံးဝမစားသင့်-လုံး၀၀ာ်မကျွေးသင့်ပါဘူး။

    ReplyDelete

Facebook Like Page