Saturday, July 5, 2014

လျှပ်စစ်မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နှင့် နာရေး ကူညီမှုအသင်းများတွင် အသုံးပြုနေသော နိဗ္ဗာန်ယာဉ်များအား တရာဝင်မှတ်ပုံတင်ဆောင်ရွက်ပေးမည်

လျှပ်စစ်မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နှင့် နာရေး ကူညီမှုအသင်းများတွင် အသုံးပြုနေသော နိဗ္ဗာန်ယာဉ်များအား တရာဝင်မှတ်ပုံတင်ဆောင်ရွက်ပေးမည်
                                                                   



နိုင်ငံတော်အတွင်း တရားမဝင် ရောက်ရှိနေသော လျှပ်စစ်မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နှင့် နာရေး ကူညီမှုအသင်းများတွင် အသုံးပြုနေသော နိဗ္ဗာန်ယာဉ်များအား ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ One Stop Service အဖြစ် ပူးပေါင်း၍ တရားဝင်မှတ်ပုံတင် ဆောင်ရွက်ပေးခြင်းကို ဇူလိုင် ၇ ရက်မှ ၃၁ ရက်အထိ အလုပ်လုပ်ရက် ၁၈ ရက်အတွင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ မှတ်ပုံတင် ဆောင်ရွက်ပေးရာတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံးစိုက်ရာ မြို့များတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အလှမ်းဝေးသည့် ဒေသများအတွက်လည်း သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေး အဖွဲ့များနှင့် ညှိနှိုင်း၍ နယ်လှည့် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ လျှပ်စစ်မော်တော်ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ် တစ်စီးလျှင် သတ်မှတ်တန်ဖိုး၏ ၅ ရာခိုင်နှုန်းအား အကောက်ခွန် စည်းကြပ်ခွန်၊ သတ်မှတ်တန်ဖိုး၏ ၅ ရာခိုင်နှုန်းအား ကုန်သွယ်လုပ်ငန်းခွင်၊ သူတစ်ပါးထိခိုက်မှု အာမခံ တစ်နှစ်လျှင် ၈ဝဝ ကျပ်၊ မှတ်ပုံတင်ကြေး ၂၂ဝဝဝ ကျပ်နှင့် ဘဏ်ဆောင်ရွက်ခ ၅၅ဝ ကျပ် ပေးသွင်းရမည် ဖြစ်သည်။ လျှပ်စစ်မော်တော်ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များမှာ ထုတ်လုပ်သည့်နိုင်ငံ ထုတ်လုပ်သည့်ခုနှစ်ပေါ် မူတည်၍ ပေးသွင်းရမည့် အခွန်ငွေ ကွဲပြားနိုင်သည်။ နိဗ္ဗာန်ယာဉ်များမှာ အကောက်ခွန်၊ စည်းကြပ်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းမပြုဘဲ ကင်းလွတ်ခွင့်ပြုမည် ဖြစ်သည်။ သူတစ်ပါးထိခိုက်မှု အာမခံ တစ်နှစ်လျှင် ၁၅ဝဝ ကျပ်၊ မှတ်ပုံတင်ကြေး ၂၇၁ဝဝ ကျပ်နှင့် ဘဏ်ဆောင်ရွက်ခ ၅၅ဝ ကျပ် ပေးသွင်းရမည် ဖြစ်သည်။ အဆိုပါယာဉ်များအား လက်ဝယ်ပိုင်ဆိုင်ထားသူများ အနေဖြင့် မှတ်ပုံတင် ဆောင်ရွက်ပေးမည့် ရက်အတွင်း တရားဝင်မှတ်ပုံတင် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာသို့ အချိန်မီတင်ပြ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သည်။ အတွေ့အကြုံများအရ သတ်မှတ်ကာလ အစောပိုင်းတွင် လာရောက် ဆောင်ရွက်ခြင်းမပြုဘဲ သတ်မှတ်ရက် ကုန်ဆုံးခါနီးမှ အများအပြား လာရောက် ဆောင်ရွက်သဖြင့် လုပ်ငန်းအခက်အခဲများ ဖြစ်ပေါ်ရကြောင်း သိရှိရသည်။ ယခု မှတ်ပုံတင် ဆောင်ရွက်ပေးခြင်းသည် ဥပဒေနှင့်အညီ ဖြစ်စေရန် နောက်ဆုံးအကြိမ်အဖြစ် အခွင့်အရေးပေးခြင်းဖြစ်ပြီး သတ်မှတ်ရက် ကျော်လွန်သွားပါက မှတ်ပုံတင်မဲ့ယာဉ်အဖြစ် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်ဟု ၂၀၁၄ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

Facebook Like Page