နိုဝင်ဘာလ ၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်
အဆင့်သတ်မှတ်ချက်များနှင့် မြန်မာနိုင်ငံ
ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်း အသီးသီး အနေဖြင့်
ကမ္ဘာ့နိုင်ငံများ၏ အခြေအနေကို နှစ်စဉ် (သို့မဟုတ်) အခါအားလျော်စွာ
ထုတ်ပြန်လေ့ရှိသည်။ ယင်းသို့ ထုတ်ပြန်မှုများတွင် မြန်မာနိုင်ငံ၏
အဆင့်သတ်မှတ် ချက်များလည်း ပါဝင်သည်။ သို့သော် အများစုမှာ ကောင်းမွန်သော
ပါဝင်ခြင်းမျိုး မဟုတ်ပါ။
နောက်ဆုံးထုတ်ပြန် ထားချက်များအရ ကမ္ဘာပေါ်တွင် အဂတိ လိုက်စားမှု အများဆုံး
နိုင်ငံများ စာရင်းတွင် လည်းကောင်း၊ ကမ္ဘာပေါ်တွင် ဘိန်းထွက်ရှိမှု အများဆုံး
နိုင်ငံများ စာရင်းတွင် လည်းကောင်း၊ ထို့အပြင် ဖွံ့ဖြိုးတိုးတက်မှု
နောက်ကျနေသော နိုင်ငံများစာရင်းနှင့် စီးပွားရေး ရင်းနှီးမြှုပ်နှံ
လုပ်ကိုင်ရန် ခက်ခဲသော စသည်ဖြင့် အသီးသီးသော သတ်မှတ်ချက်များတွင်
မြန်မာနိုင်ငံ ပါဝင်နေသည်။
၁၉၆၀ အစောပိုင်း ကာလများက အနေအထားအရ
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ သာမက အာရှအဆင့်တွင်ပါ ကောင်းမွန်သော
သတ်မှတ်ချက်ဖြင့် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။ ဒေသတွင်း နိုင်ငံများ၏
စံနမူနာပြ ဖြစ်ခဲ့သည်။ သို့သော် ဤသို့သော အခြေအနေများသည် အတိတ်ကာလက
ဖြစ်ရပ်များသာ ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း ကုလသမဂ္ဂ မူးယစ်နှင့်
ရာဇ၀တ်မှုရုံးက နှစ်စဉ်ထုတ်ပြန်လေ့ ရှိသည့် အစီရင်ခံစာ တစ်စောင်တွင်
မြန်မာနိုင်ငံနှင့် ပတ်သက်သော အချက်အလက်များကို ထည့်သွင်းထုတ်ပြန်
လာခဲ့သည်။ ယင်းအစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ဒေသတွင်း၌
စိတ်ကြွရူးသွပ်ဆေး ဖမ်းဆီးရမိမှု၏ အဓိကပင်ရင်း ဖြစ်ဆဲဟု ပါရှိခဲ့ခြင်း
ဖြစ်သည်။ ဤသတ်မှတ်ချက် အတွက် ၂၀၁၂ ခုနှစ် အတွင်းက Anphetamine နွယ်ဝင်
Methamphetamines စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှု အပေါ်တွင် အခြေခံ၍
ထုတ်ပြန်လာခြင်း ဖြစ်သည်။
ပြုပြင်ပြောင်းလဲမှု ပြုလုပ်သော
နိုင်ငံတစ်နိုင်ငံအတွက် စံသတ်မှတ်ချက် ဆိုသည်မှာ အရေးပါသည်။ အဆိုပါ
စံသတ်မှတ်ချက်များ ခိုင်မာမှန်ကန်မှု အတွက် လုံလောက်သော သုတေသနပြုမှုနှင့်
စာရင်းဇယား အချက်အလက် တိကျမှုက အဓိကကျမည် ဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့်
ယင်းကဏ္ဍတွင် အားနည်းချက်များ ရှိနေသေးသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်သော
နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးမှ ထုတ်ပြန်သမျှ အားလုံး မှန်ကန်သည်ဟု
မဆိုနိုင်သော်လည်း မည်သည့် သတ်မှတ်ချက်များသည် မည်သို့သော အချက်အလက်များအရ
မှားယွင်းနေသည်၊ မှန်ကန်ခြင်း မရှိဟု တိတိကျကျ တုံ့ပြန်ပြောဆိုနိုင်ရန်
လိုအပ်ချက်များ ရှိနေသည်က အမှန်ပင် ဖြစ်သည်။ ထို့အပြင် မိမိတို့၏
အားနည်းချက်ကိုလည်း မြင်နိုင်ပြင်နိုင်ရန် ခက်ခဲနေဦးမည်သာ ဖြစ်သည်။
ကောင်းမွန်သော စံသတ်မှတ်ချက်များတွင် ပါဝင်နိုင်ဖို့ ဆိုသည်မှာ မည်သို့သော
စာရင်းဇယား၊ ကိန်းဂဏန်း အချက်အလက်များမဆို တိကျမှန်ကန်၍
ပွင့်လင်းမြင်သာမှုရှိဖို့ အဓိကဖြစ်သည်။ အများယုံကြည် လက်ခံမှုအတွက်
သက်သေပြနိုင်ရန်လည်း လိုအပ်မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင်
စာရင်းဇယားရရှိမှု အခက်အခဲကြောင့် အခြေအနေမှန်များကို
သုံးသပ်တွက်ချက်နိုင်ရန် ခက်ခဲနေဆဲ ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက
ဝေဖန်မှုများ ရှိနေသည်။
ထို့ကြောင့် ပွင့်လင်းမြင်သာသော
ထုတ်ပြန်မှုများနှင့်အတူ အရေးပါ၍ လုံလောက်သော သုတေသန ပြုမှုများမှသည်
ကောင်းမွန်သော သတ်မှတ်ချက်များတွင် ပါဝင်နိုင်ရန် ကြိုတင်ပြင်ဆင်သင့်ပြီ
ဖြစ်ပါသည်။ ထို့အပြင် အများယုံကြည် လက်ခံသော အပြောင်းအလဲ ရလဒ်ကောင်းများကို
ဖော်ဆောင်နိုင် မှသာလျှင် ကောင်းမွန်သော သတ်မှတ်ချက်များတွင်
ပါဝင်နိုင်မည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ယူဆရေးသား
အပ်ပါသည်။
https://www.facebook.com/ElevenMediaGroup မှပြန်လည်ဖေါ်ပြပါသည်။ ပေါက်ခေါင်းသတင်း
Saturday, November 9, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment