စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲစနစ်မြို.နယ်အဆင့်ပြန်ပြောင်းမည်
ရန်ကုန်၊ နိုဝင်ဘာ ၁
ပြည်သူ့လွှတ်တော် ပညာရေး မြင့်တင်မှု ကော်မတီနှင့် နိုင်ငံတော် အစိုးရအဖွဲ့တို့ ဦးဆောင် လုပ်ကိုင်နေသော ပညာရေး မြှင့်တင်မှု ဆွေးနွေးပွဲ ရလဒ်များအရ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပမည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင်စာမေးပွဲ စနစ်များကို မြို့နယ်နှင့်တိုင်းအဆင့် ကျင်းပသွားရန် ဆုံးဖြတ်ထားကြောင်း ပညာရေးဝန်ကြီးဌာန ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦးက The Voice သို့ ပြောကြားသည်။
စာမေးပွဲစနစ် ပြောင်းလဲမည့် ဆုံးဖြတ်ချက်ကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် အောက်တိုဘာလ ၂၁ ရက်နေ့က ကျင်းပသော ပညာရေး မြှင့်တင်မှု ဆွေးနွေးပွဲ၌ အတည်ပြုခဲ့ခြင်း ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်မှု မရှိသေးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
“ကိုယ့်ကျောင်းကိုယ် စစ်နေလို့ စာမတတ်ဘူး ပြောနေကြတာ၊ အခုတော့ အရည်အသွေး (Quality Control) ကို မြှင့်လိုက်တာပေါ့” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ယင်းသို့ ပညာရေး မြှင့်တင်မှုများ ဆောင်ရွက်နေချိန် အခြေခံပညာ ကျောင်းများတွင် အောက်တိုဘာလလယ်ခန့်က စစ်ဆေးခဲ့သော ပထမနှစ်ဝက် စာမေးပွဲကို လစဉ် စစ်ဆေးနေကျ စာမေးပွဲစနစ်အတိုင်း စစ်ဆေးရန် ညွှန်ကြားမှုများ ရှိခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့ရသော ပညာရေးဝန်ထမ်းတစ်ဦးက The Voice သို့ ပြောဆိုသည်။
“ကလေးတွေကတော့ စာမေးပွဲပုံစံပြောင်းလည်း ဖြေနိုင်မှာပါ။ အနည်းဆုံး ကလေးတွေက စာမေးပွဲအပေါ်မှာ လေးနက်မှုလေးတော့ ပြန်ရှိလာမယ်။ တက္ကသိုလ်ဝင်တန်းအတွက် အခြေခံရသွားမယ်” ဟု ၎င်းက ပြောကြားသည်။
လက်ရှိ ပညာရေးစနစ် ပြုပြင်မှုများတွင် ကနဦး ပြင်ဆင်ရမည့်အပိုင်းမှာ စာမေးပွဲစနစ်သာ ဖြစ်ပြီး ယင်းစာမေးပွဲစနစ် မမှန်ကန်မှုများကြောင့် ပညာရေးတွင် အဂတိ လိုက်စားမှုများနှင့် ဆက်စပ်သွားကြောင်း အောက်တိုဘာလက ကျင်းပခဲ့သော လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲ တွင် နိုင်ငံတော် စီးပွားရေးနှင့် လှုမှုရေး အကြံပေးကောင်စီ အတွင်းရေးမှူး ဒေါက်တာရင်ရင်နွယ်က အကြံပြုထားသည်။
ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများသည် ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီဝင်များနှင့် ပူးပေါင်းကာ အခြေခံပညာနှင့် အဆင့်မြင့်ပညာ စာမေးပွဲများ၊ သင်ရိုးညွှန်းတမ်းများ ပြင်ဆင် သွားရန် ဆွေးနွေးပွဲဆက်တိုက် ပြုလုပ်လျက် ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။
စတုတ္ထတန်းကို မြို့နယ်အဆင့်နှင့် အဋ္ဌမတန်းကို တိုင်းဒေသကြီးအဆင့် အတန်းတင် စာမေးပွဲကြီးများကို တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် စတင်ခဲ့ပြီး ၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် ရပ်နားခဲ့သည်။
စတုတ္ထတန်း စာမေးပွဲများကို ဦးစွာရပ်နားခဲ့ပြီး အဋ္ဌမတန်း စာမေးပွဲများကို နှစ်အနည်းငယ်အတွင်း ရပ်နားခဲ့ခြင်း ဖြစ်သည်။
Credit to The Voice Weekly ပေါက်ခေါင်းသတင်း
0 comments:
Post a Comment