Tuesday, November 12, 2013

** မအံ့သြပါ *


*** မအံ့သြပါ ***
---------------------

မအံ့သြပါ
ပညာ မတတ် ၊ စာ မဖတ်၍
အရပ်စကား ၊ ပေါ့လွှားလွှားဖြင့်
ယောက်ျားဝါဒ ၊ စွဲကိုင်ကြလျက်
မိန်းမတွေကို ၊ အပြစ်ဆိုပြီး
ကိုယ့်ကိုယ်ကိုပင် ၊ ကိုယ့်ဂုဏ်တင်သည့်
ဘဝင်ရူးများ အကြောင်းကို။

မအံ့သြပါ
မေတ္တာ သဒ္ဓါ ၊ စေတနာနှင့်
စာနာ ကြင်နာ ၊ ဥပေက္ခာတို့
ရင်မှာ ဗလာ ၊ မရှိပါသည့်
နာမည်နာမ်စား ၊ လူယောက်ျားက
အားနွဲ့သူကို ၊ ဣဿာပိုလျက်
ကိုယ်ချင်းမစာ ၊ ကိုယ် နှုတ်လျှာဖြင့်
ငါ.. ဖာ.. ကိုင်တုတ် ၊ ကြမ်းတမ်းယုတ်သည့်
ကိုယ့်လုပ်ရပ်တွင် ၊ အဟုတ်ထင်သည့်
ဉာဏ်မြင်ကမ်းတဲ့ လူများကို။

အို ... လူအတို့
မိန်းမဘုရား ၊ မရှိငြား၍
ယောက်ျားတွေက ၊ ဣတ္ထိယထက်
သာစွ မြတ်စွ ၊ တော်ပေစွဟု
စိတ်က ယူဆ ၊ မရူးကြနဲ့
ကမ္ဘာ့အစ ၊ တော်လေးဝမှ
ဗုဒ္ဓ့မာတာ ၊ မယ်မာယာနှင့်
မာသာထရီဆာ ၊ ဒေါ်အမာထက်
သင်ဟာ ဘာသာ ၊ သိလိုပါ၏
သင်ဟာ ဘာမြတ် ၊ သင်ဘာတတ်၍
သင်ရပ်တည်ရာ ၊ သိလိုပါ၏
မာလာလာလို ၊ သတ္တိပိုသလား ?
ကိုယ့်ကိုယ်ကိုမေး ၊ အဖြေပေးပါ
ကိုယ့်သွေးမှစီး ၊ ကိုယ့်သမီးနှင့်
ဇနီး အမေ ၊ ထိုလူတွေကို
သင်လေ ပြန်ကြည့် ၊ သတိရှိပါ
မိမိရင်မှာ ၊ ကိုယ်ချင်းစာပါ
မေတ္တာရှေ့ထား ၊ သင်ပြောကြားပါ
လူသားတန်ဖိုး ၊ ချစ်မြတ်နိုးပါ
အကျိုး/အကြောင်း ၊ ကောင်း/မကောင်းကို
ခေါင်းထဲမှာတွေး ၊ ဝေဖန်ပေးပါ
ဘေးလူစကား ၊ နား၌ကြားလည်း
မှားမှန်သိရန် ၊ ကိုယ်တိုင်ကြံပါ
သင့်ဥာဏ်ကိုဖွင့် ၊ သင့်နားစွင့်ပါ
အကျင့်ဆိုတာ ၊ ပြင်နိုင်ပါ၏
သဒ္ဓါ ပညာ ၊ စေတနာနှင့်
မေတ္တာ ဂရုဏာ ၊ မုဒိတာကို
စိတ်မှာစုရုံး ၊ ကျင့်ကြံသုံးမှ
အမုန်းကင်းစင် ၊ စိတ်ကောင်းဝင်မယ်
အမြင်ကြည်မယ် မိတ်ဆွေတို့။ ။

ကျော်မိုး ( စကားဝါမြေ )
၂၈၊၁၀၊၂၀၁၃(တနင်္လာနေ့)  မှပြန်လည်ဖေါ်ပြပါသည်။    ပေါက်ခေါင်းသတင်း

0 comments:

Post a Comment

Facebook Like Page