Wednesday, November 12, 2014

စတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲမေးခွန်းများကို ခရိုင်နှင့်တိုင်းဒေသကြီး ပြည်နယ်အဆင့် မေးခွန်းများအသုံးပြုမည်


စတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲမေးခွန်းများကို ခရိုင်နှင့်တိုင်းဒေသကြီး
ပြည်နယ်အဆင့် မေးခွန်းများအသုံးပြုမည်


11 NOV 2014 -BY ချမ်းငြိမ်း(မြစ်မခ မီဒီယာ)


၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ ကျင်းပမည့် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့်စာမေးပွဲများကို ခရိုင်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် မေးခွန်းများဖြင့် ဖြေကြားရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

စတုတ္ထတန်းအဆင့်တွင် ခရိုင်အဆင့် မေးခွန်းများ၊ အဌမတန်းအဆင့်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မေးခွန်းများဖြင့် ဖြေကြားရမည်ဖြစ်ကြောင်း ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး အကြံပေးအဖွဲ့ နာယက ဆရာကြီးဦးသန်းဦးက ပြောသည်။

နိုဝင်ဘာ (၁၀)ရက်နေ့ အ.ထ.က.(၄) အလုံတွင် ကျင်းပသည့် အခြေခံပညာ မူလအတန်းနှင့် အလယ်တန်း အဆင့် စားမေးပွဲများအတွက် မေးခွန်းပြုစုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခုစာမေးပွဲက ပြင်ပစစ် စာမေးပွဲဖြစ်ပါတယ်။ အစိုးရစစ်လို့ အခေါ်အဝေါ်တွေ မှားနေကြတယ်။ ကျောင်းစစ် စာမေးပွဲကလည်း အစိုးရစစ် စာမေးပွဲလည်းဖြစ်တယ်။ မေးခွန်းတစ်ခုက ကလေးတွေရဲ့ ပကတိ အခြေအနေနဲ့ ကွဲလွဲလို့မရဘူး။ လွယ်လွန်းခက်လွန်းတဲ့ မေးခွန်းလဲ မဖြစ်ရပါဘူး။ မေးခွန်းထုတ်တဲ့ သူတွေကလည်း ဥာဏ်ကွန့် ပြီး မထုတ်ပါနဲ့ တကယ်ခံရမှာက ကလေးတွေပဲ ဖြစ်ပါတယ်။” ဟု ဦးသန်းဦးက ပြောသည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် စတင်စစ်ဆေးမည့် ပြင်ပစစ်စာမေးပွဲအနေဖြင့် ကျောင်းသားများနှင့် ဆရာ/ ဆရာမ များအနေဖြင့် ပေါ့ဆစွာနေထိုင်၍ ရတော့မည် မဟုတ်ဘဲ ကြိုးစားအားထုတ်သင်ကြားရတော့မည်ဖြစ်ပြီး စာမေးပွဲ၏ လွှမ်မိုးမှုများဖြစ်သော ကျူရှင်၊ ၀ိုင်းနှင့်Guide ဂိုက်များ လွှမ်းမိုးမှု ပိုမိုကြီးထွားလာနိုင်ကာ အပြစ် နည်ပြီး အကျိုးဖြစ်ထွန်းမှုများရရှိလာအောာင် အားလုံးကြိုးစားရမည်ဟု ဦးသန်းဦးက ပြောသည်။

ဖေဖော်ဝါရီလအတွင်း စစ်ဆေးမည့် ပြင်ပစစ်စာမေးပွဲ မဖြေဆိုမီ ဒီဇင်ဘာလအတွင်းတွင် အထောက်အကူ ဖြစ်စေရန် အကြိုအစမ်းစစ် စာမေးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း အမှတ်(၂) အခြေခံပညာဦးစီဌာန ညွန်ကြားရေးမှူး (ပညာ) မှ ဦးခင်မောင်မြင့်က ပြောသည်။

“တတ်အောင်သင် အောင်အောင်စစ်ဆိုတဲ့အခါမှာ ဆရာ/ဆရာမအပိုင်းတွေမှာ လျော့နည်းလာတယ်၊ အခန်း ဆုံး စစ်ဆေးပြီး တင်ပေးလိုက်၊ ကလေးကဒါသင်ပြီး မေ့သွားရော၊ နောက်တစ်ခုသင်လိုက်မေ့သွားလိုက် အိတ် ပေါက်နဲ့ ဖားကောက်သလိုဖြစ်ဖြစ်နေတယ်။တစ်နှစ်စာလုံးပြန်မေးလိုက်တဲ့အခါကြတော့ ကျောင်းသားရော၊ ဆရာရော ပြန်ပြီးနွှေးဖြစ်မယ်၊ သူတို့ရဲ့ တတ်မြောက်မှုကို စစ်ဆေးတာဖြစ်ပါတယ်။ ကလေးတွေကို ညှင်းဆဲဖို့၊ စာမေးပွဲနဲ့ ခြောက်ဖို့ ဘေးက ကျူရှင်တွေကို မြှောက်ပေးဖို့ မဟုတ်ဘူး။”ဟု ဦးခင်မောင်မြင့်က ပြောသည်။

ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် စာမေးပွဲ မေးခွန်းများ ပြုစုခြင်းဆိုင်ရာ ဆွေးနွေးပွဲများကို စတုတ္ထတန်း တွင် ခရိုင်အဆင့်မှ ပညာရေမှူး တစ်ဦး ဘာသာရပ်ဆရာ၊ ဆရာမ(၅)ဦး၊ အဌမတန်းတွင် တိုင်းဒေသကြီး နှင့် ပညာရေမှူး(၁)ဦး၊ ဘာသာရပ်ဆရာ(၆)ဦးဖြင့် ခရိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ဆွေးနွေးမည် ဖြစ်ပြီး ဆွေးနွေးပွဲရလဒ်များအတိုင်း သက်ဆိုင်ရာ ခရိုင်၊ တိုင်းနှင့် ပြည်နယ်များမှ မေးခွန်းထုတ်ကြရမည် ဖြစ်သည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း မေးခွန်းအစမ်းစာမေးပွဲကို ဒီဇင်ဘာလ(၁၇)မှ (၂၄)အထိစစ်ဆေးမည်ဖြစ်ပြီး ဇန်န၀ါရီလတွင် စာမေးပွဲရလဒ်ကို စီစစ်ရေးဆွဲပြီး ၂၀၁၅ ဖေဖေါ်ဝါရီလ (၂၀)ရက်မှ(၂၇)ရက်အထိတစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် စတုတ္ထတန်းစာမေးပွဲကို တစ်ဘာသာလျှင် အချိန်တစ်နာခွဲ၊ အဋ္ဌမတန်းကို နှစ်နာရီဖြင့် စစ်ဆေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

                                                                   


0 comments:

Post a Comment

Facebook Like Page