(နိုဝင်ဘာလ ၇ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial)
ထိုမေးခွန်း
ဘဝတွင် မည်သည်က အရေးကြီးဆုံးနည်း။
ကိစ္စများမြောင်၊ လူတို့ဘောင်တွင် မျက်စိနှစ်လုံး ပွင့်နေသည့် အချိန်တိုင်းတွင် ပညာရှာရေး၊ စီးပွားရှာရေး၊ မိသားစုရေးမှသည် နိုင်ငံ့အရေးအထိ အရေးပေါင်း များစွာနှင့် ကျွန်တော်တို့ ထွေးလုံးရစ်ပတ် နေကြရသော်လည်း ထိုမေးခွန်းတစ်ခွန်း လောက်ကိုတော့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်သည်။
လူ့လောကတွင် စဉ်းစားစရာ၊ ပူပန်စရာများ များသလို လိုချင်စရာ၊ အိပ်မက်စရာများလည်း ထွေပြားလှသည်။ ဘဝသည် မည်သူ့ကိုမျှ မစောင့်သော အချိန်ဖြင့် တည်ဆောက်ထားသည့် အရှိန်မြန် ရထားတစ်စင်းနှယ် ဖြစ်သည်။ တမ်းတ မက်မောစရာများ၊ ရင်ခုန်သံများ၊ အိပ်မက်များဖြင့် အရှိန်မြန် အချိန်ရထားကို စီးရင်း အထက်ပါ မေးခွန်းကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးနိုင်ရန် လူတိုင်း မေ့လျော့ နေနိုင်သည်။
အောင်မြင်မှု၊ စည်းစိမ်၊ ဂုဏ်သိက္ခာ၊ မိတ်ဆွေ အပေါင်းအသင်း အစရှိသည်ဖြင့် လူတစ်ကိုယ် အကြိုက်တစ်မျိုး အရေးအကြီးဆုံးအရာ အထွေထွေ ရှိနိုင်သည်။ အဓိကအချက်မှာ ထိုအရေးကြီးဆုံး အရာသည် ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်မှု ပေးနိုင်မည်ဟု သေချာစေရန် ဖြစ်သည်။ ပျော်သယောင်ယောင် ထင်ရသော ရေပွက်ပမာ ခံစားချက်မျိုး မဟုတ်ဘဲ ပြန်တွေးတိုင်း တစိမ့်စိမ့်ဖြင့် ဖရဏာပီတိ ဂွမ်းဆီထိရသော အမြဲစိမ်း ပျော်ရွှင်မှုမျိုး ဖြစ်ရမည်။
ဥပမာ-သူနိုင်ကိုယ်နိုင် ပြိုင်ချင် ကြွားချင်စိတ်ဖြင့် စာတော်အောင် ကြိုးစားခြင်းထက် ကိုယ့်ဘဝအတွက် အရေးကြီးကြောင်းကို သဘောပေါက်သဖြင့် စာကြိုးစားခြင်း၊ ကိုယ်ကဲ့သို့ စာကြိုးစားလာအောင် တော်လာအောင် သူငယ်ချင်း အပေါင်းအသင်းများကို ကူညီခြင်းသည် မှန်ကန်သော ပျော်ရွှင်မှုကို ပေးနိုင်လိမ့်မည်။ ဘယ်သူသေသေ ငတေမာပြီးရော အသက်မွေးမှုမျိုးဖြင့် အောင်မြင်မှုသည် ပျော်ရွှင်မှု အတုအယောင်ကိုသာ ပေးကာ ရေရှည်တွင် စိတ်ဒုက္ခများသည်သာ အတိုးနှင့် ဆိုက်ရောက်လာလိမ့်မည်။
ဘဝ၏ နောက်ထပ် အမှန်တရားတစ်ခုမှာ တစ်ခုနောက်သို့လိုက်ရင်း လက်ထဲရှိ အရာများ လက်လွှတ် ဆုံးရှုံးသွားနိုင်ခြင်းပင်။ အောင်မြင်လိုစိတ်ဖြင့် ခြေကုန်ထုတ်ချိန်တွင် ကျန်းမာရေး၊ မိသားစုရေးတို့ လက်လွတ်သွားနိုင်သည်။ လိုချင်စိတ်နှင့် တင်းတိမ်မှုတို့ မျှတမှ ဖြစ်လိမ့်မည်။ ဝီရိယ လိုသလို မလွန်သွားဖို့လည်း လိုသည်။
အခြားသူများ၏ အရေးကြီးဆုံး အရာသည် ကိုယ့်အတွက် အရေးကြီးဆုံးအရာ ဖြစ်ချင်မှ ဖြစ်မည့်အတွက် အများယောင်တိုင်း လိုက်မယောင်ရန် လိုသည်။ ကိုယ့်အတွက် မည်သည်က အရေးကြီးဆုံး ဆိုသည်ကို မြင်အောင်ကြည့်ရန်မှာ ကိုယ်တစ်ယောက်တည်း၏ တာဝန်သာ ဖြစ်သည်။
ဘဝတွင် အရေးအကြီးဆုံး အရာကို စဉ်းစားသိမြင်ကာ ပျော်ရွှင်နိုင်ကြပါစေကြောင်း The Voice ပရိသတ်တို့ကို ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်း ဆက်လိုက်ပါသည်။
အယ်ဒီတာ (၆.၁၁.၂၀၁၃) ပေါက်ခေါင်းသတင်း

0 comments:
Post a Comment