Friday, October 4, 2013

(အောက်တိုဘာ ၄ ရက်ထုတ် မဇ္ဈိမသတင်းစာမှ အယ်ဒီတာ့အာဘော်)


(အောက်တိုဘာ ၄ ရက်ထုတ် မဇ္ဈိမသတင်းစာမှ အယ်ဒီတာ့အာဘော်)

လွှတ်တော်လမ်းကြောင်းဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ အောက်တိုဘာလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၀၈ နာရီ ၁၈ မိနစ်

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက အာဏာရပါတီ တာဝန်ရှိသူတစ်ဦးက လက်ရှိ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ မလိုအပ်သေးသည့် သဘော ပြောခဲ့သည်။ တစ်ချိန်တည်းမှာပင် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများကမူ လက်ရှိအခြေခံ ဥပဒေကို စ၊လယ်၊ဆုံး အသစ်တဖန် ပြန်လည်ရေးဆွဲရေး ပြောကြသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အငြင်းပွားမှုအပေါ် အာရုံစိုက်နေသူများအတွက် ပိုမိုအာရုံစိုက်လာအောင်ဖြစ်စေသည့်အချက်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ပြောသည့်စကား ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကမူ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်ကြောင်းနှင့် ပြင်ဆင်နိုင်ဖို့ နည်းလမ်းကို လွှတ်တော်လမ်းကြောင်းဖြင့်သာ သွားမည့်အကြောင်း ဖြည့်စွက် ပြောကြားလိုက်သည်။

ပွင့်လင်းစွာ ပြောရမည်ဆိုလျှင် လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အငြင်းပွားမှု ပြဿနာမှာ အမှန်တကယ်ပင် ရှိနေသည်ဟူသော အဖြေမှာ မည်သူမျှ မငြင်းနိုင်သည့်အချက် ဖြစ်လာခဲ့ပါသည်။ ထိုမှတစ်ဆင့် မည်သည့် အချက်၊ မည်သည့် ဥပဒေများကို ပြင်ဆင်သင့်သနည်းဟူသော အချက်နှင့် ပြင်ဆင်နိုင်ရန် နည်းလမ်းများကို ရွေးချယ်ခြင်း အစရှိသည့် အချက်များကို စကားပြောကြရမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ တစ်ချိန်ကဆိုလျှင် နိုင်ငံရေး ပြဿနာတစ်ခုကို သို့မဟုတ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြဿနာအပေါ် တစ်သံတည်းသာ ထွက်လို့ရခဲ့သည်။ စင်ပြိုင်အသံများကို လုံးဝပင် မကြားခဲ့ကြရ။ စင်ပြိုင်အသံများကို လုံးဝပင် ဖွင့်ဟ ပြောဆိုလို့မရနိုင်ခဲ့ကြ။ ယခုအခါ ၂၀၀၈ ဖွဲ့စည်းပုံအပေါ်တွင်ပင် မူတည်ကာ ယှဉ်ပြိုင်နှင့် စင်ပြိုင်အယူအဆများကို မိမိတို့ ပြောခွင့်သာလာခဲ့ပြီ ဖြစ်သည်။ ပြောကြရပြီ ဖြစ်သည်။ ထို့ကြောင့် ယင်းအချက်မှာမူ တိုင်းပြည်အတွက် အားတက်စရာပင် ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေတချို့မှာ ပြင်ဆင်ဖို့လိုအပ်သည်ဟူ၍မူ မိမိတို့ အခိုင်အမာ ယုံကြည်သည်။ သို့သော် ယင်းဥပဒေများကို ပြင်ဆင်နိုင်ရန် ကြိုးပမ်းသည့်နည်းများမှာ လွှတ်တော်အတွင်း လွှတ်တော်ပ၊ နည်းနှစ်နည်းရှိသည့်အနက် လွှတ်တော်အတွင်းနည်းက ပိုပြီး သင့်လျော်သည်ဟူ၍ ယူဆသည်။ တိုင်းပြည် အင်အားစုအသီးသီး၏ အခြေအနေ အရပ်ရပ်က လွှတ်တော်ပနည်းထက် လွှတ်တော်အတွင်းနည်းက ပိုပြီးသင့်တော်သည်ဟူသည့် ဦးတည်ချက်ကို မီးမောင်းထိုးထားသည်ဟု ယူဆသည်။

တချို့ကမူ လွှတ်တော်တွင်းနည်းကို အသုံးမပြုချင်ကြပါ။ အဘယ်ကြောင့်ဆိုသော် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲအတည်ပြုခဲ့သူ လက်ရှိအာဏာရပါတီသည် လွှတ်တော်အတွင်း အမတ်နေရာ အဆမတန်များပြားစွာ ရယူထားသည်။ ထို့ပြင် ထိုပါတီ၏ ကျောထောက်နောက်ခံ တပ်မတော်ကိုယ်စားလှယ်များကလည်း လွှတ်တော်အတွင်းမှာပင် ၀င်ထိုင်ထားကြသည်။ ထို့ကြောင့် လွှတ်တော်လမ်းကြောင်းဖြင့် ဥပဒေပြင်ဆင်ရေးမှာ လက်တွေ့မကျ၊ လက်တွေ့အားဖြင့် မအောင်မြင်နိုင်ဟု ယူဆကြပါသည်။

မိမိတို့ကမူ လွှတ်တော်အတွင်းနည်း တစ်နည်းအားဖြင့် လွှတ်တော်လမ်းကြောင်းဖြင့် ဥပဒေပြင်ဆင်ရေးကို အားပေးထောက်ခံသည်။ လွှတ်တော်အတွင်းနည်းသည် ပဋိပက္ခ အသွင်မဆောင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အခြေခံကို လက်တွေ့အသုံးချခြင်းဖြင့် တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကို အဓိက အာမခံချက်ပေးခြင်း အစရှိသော နိုင်ငံရေး အခင်းအကျင်းများဖြစ်သဖြင့် တိုင်းပြည်အတွက် သင့်လျော်သည့်နည်းအဖြစ် ယုံကြည်သည်။ မိမိတို့သည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်သည်ဆိုသည်မှာ တိုင်းပြည်အတွက် လိုအပ်၍သာ ပြောဆိုနေကြခြင်းဖြစ်ပြီး အခြား အပြန်အလှန် မယုံသင်္ကာဖြစ်စေသည့် အမြင်၊ ရည်ရွယ်ချက်များကြောင့် ပြောဆိုနေကြခြင်း မဟုတ်ကြောင်း လွှတ်တော်အတွင်း ထိုင်နေသူများအားလုံးကို အသိပေးနိုင်ရပါမည်။ လွှတ်တော်အတွင်း ၀င်ထိုင်ကြသူများအားလုံး၊ တိုင်းပြည်ချစ်စိတ်ကို အခြေခံသည့် ရပ်တည်ချက်အပေါ် စုံစုံညီညီတက်ပြီး ရပ်နိုင်ရေးအတွက် အခြေအနေ ၀န်းကျင်သစ်တစ်ခု အားကြိုးမာန်တက် ဖန်တီးကြရပါမည်။ လွှတ်တော်အတွင်း ၀င်ထိုင်ကြသူအားလုံး ပြည်သူလူထု ကောင်းကျိုး မျက်နှာမူရာဘက်သို့ လှည့်ပြီး ထိုင်နိုင်ကြဖို့ အင်အားများ၊ အာမခံချက်များ၊ အလျင်အမြန် ဖန်တီးစည်းရုံးကြရမည်သာ ဖြစ်သည်။ ထိုနည်းဖြင့်သာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး ပန်းတိုင်မှာ ထင်သာမြင်သာ ရှိလာနိုင်မည် ဖြစ်သည်။

မိမိတို့အားလုံး ယုံကြည်ထားသင့်သည့်အချက်မှာ အပြန်အလှန် အသိအမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် အာမခံချက်ပေးမှု၊ အပြန်အလှန်ချစ်ခင်စွာ ပူးတွဲဆောင်ရွက်မှုဟူသော လှပစွာ ငြင်းခုန်ဆွေးနွေးသည့်နည်းများဖြင့်သာ လွှတ်တော်အတွင်း အင်အား ချိန်ခွင်လျှာကို ပြောင်းလဲထိန်းညှိလို့ ရနိုင်လိမ့်မည်ဖြစ်သည်ဟူသည့် ယုံကြည်ချက်ပင် ဖြစ်သည်။ အကယ်၍များ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လွှတ်တော်တွင်းမှာပင် ပြင်ဆင်နိုင်စွမ်း မရှိခဲ့သည်ရှိသော် မိမိတို့ ပြည်သူများ၏ အနာဂတ်အတွက် ရင်လေးဖွယ်ပင်ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။https://www.facebook.com/MizzimaNews?fref=ts    ပေါက်ခေါင်းသတင်း

0 comments:

Post a Comment

Facebook Like Page