Wednesday, September 18, 2013

ဆင်ခြေထောက် ရောဂါ ကင်းဝေးရေးနှင့် လူအားလုံး ဆေးကျွေးခြင်း

ဆင်ခြေထောက် ရောဂါ ကင်းဝေးရေးနှင့် လူအားလုံး ဆေးကျွေးခြင်း

ဆင်ခြေထောက် ရောဂါသည် လတ်တလော သေစေနိုင်သော ရောဂါ မဟုတ်သော်လည်း ခြေလက် အင်္ဂါပုံ သဏ္ဌာန် ပျက်ယွင်း ခြင်းကြောင့် လူမှုရေး ထိခိုက် နစ်နာ ဆုံးရှုံးမှုရှိသော ရောဂါ များတွင် ပါဝင်သော ရောဂါ တစ်ခုဖြစ်သည်။ ဤရောဂါသည် Wuchereria bancroftiသန်ကောင် တစ်မျိုးကြောင့် ဖြစ်သော ရောဂါ ဖြစ်ပြီး ခြင်ကိုက် ခြင်းဖြင့် ကူးစက်သော ရောဂါ ဖြစ်သည်။

သန်ကောင်ငယ်နှင့် သက်ကြီးကောင်ရှိပြီး သက်ကြီးကောင်များမှာ လူတို့၏ သားနံရည်ကြော တွင် နေသည်။ သက်ကြီးကောင်များ မိတ်လိုက် ပေါင်းဖော်ပြီး Microfilaria ဟုခေါ်သည့် သန်ကောင်ငယ်များ မွေးလာကာ ယင်းတို့ သည် လူတို့၏ သွေးကြောများနှင့် အဆုတ်၊ အသည်း စသော အတွင်း ကလီစာများတွင် လှည့်ပတ် သွားလာနေသည်။ သန်ကောင် ငယ် များသည် ည ၁ဝ နာရီမှ နံနက် ၂ နာရီ အတွင်း သွေးကြော များထဲတွင် များပြားစွာ ထွက်ပေါ် လေ့ရှိပြီး ၎င်းအချိန်တွင် ခြင်ကိုက်ရာမှ ခြင်၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိ သွားပြီးနောက် သန်ကောင်ငယ်များ ကြီးထွားမှု ဖြစ်လာပြီး လူကို ကူးစက်မှု ပေးနိုင်သော အဆင့်ကို ရောက်ရှိကာ ရောဂါ ကူးစက်မှု ဖြစ်စေသည်။


ဆင်ခြေထောက် ရောဂါသည် အသက်အရွယ်မရွေး၊ အမျိုးသား၊ အမျိုးသမီး မရွေး၊ လူမျိုး မရွေး ဖြစ်နိုင်သည်။ ဆင်ခြေထောက် ရောဂါပိုး ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားပြီး မည်သည့် လက္ခဏာမှ မပြဘဲ ငုပ်နေ တတ်ပါသည်။ ဤအဆင့်မှာ ညဥ့်အခါ သွေးဖောက် စစ်ဆေးခြင်း Night Blood Survey ပြုလုပ်သော်လည်း Microfilaria မတွေ့နိုင်ပါ။ ရောဂါ လက္ခဏာ မပြ သော်လည်း သန်ကောင်များက သားနံရည်ကြောများကို စတင်ဖျက်ဆီးစပြုနေပြီဖြစ်သည်။ ဤအဆင့်တွင် ရောဂါရှိ၊ မရှိ Immunochromato-graphic Test (ICT) နှင့် စမ်းသပ်မှသာ သိရှိနိုင်သည်။ ထိုမှတစ်ဆင့် ရောဂါ လက္ခဏာ မပြသော်လည်း ညဥ့်အချိန်တွင် သွေးဖောက် စစ်ဆေး သည့်အခါ Microfilaria ကို တွေ့နိုင်သော Asymptomatic Parasitaemic အဆင့်သို့ ရောက်ရှိ ပြီးနောက် ရောဂါ လက္ခဏာ အမျိုးမျိုးကို တွေ့နိုင်ပါသည်။

၎င်းလက္ခဏာများမှာ ချမ်းတုန်၍ ဖျားခြင်း၊ ခန္ဓာကိုယ် တစ်နေရာရာတွင် နီရဲ ပူလောင် ရောင်ရမ်း၍ နာကျင်ခြင်း၊ သားနံရည်ကြောနှင့် အကျိတ်များတွင် ရောင်ခြင်း၊ ဆီး သွားသည့် အခါ အဖြူရောင် ပျစ်ချွဲချွဲ ဖြစ်နေခြင်း၊ အင်ပျဉ်ထွက်ခြင်း၊ ပန်းနာရင်ကျပ် ရောဂါ ကဲ့သို့ ရင်ကျပ်ခြင်း၊ ဘောအောင့်ခြင်း (ရေမုတ္တ) စသည့် လက္ခဏာများ ခံစားရတတ်ပါသည်။ ၎င်းမှတစ်ဆင့် ခြေထောက်၊ လက်တဖြည်းဖြည်း ကြီးလာခြင်း (တစ်ဖက်တည်းဖြစ်စေ၊ နှစ်ဖက်လုံးဖြစ်စေ) ဖြစ်လာပြီး နောက်ဆုံးတွင် ခြေ၊ လက်များ ဆင်ခြေထောက်ကဲ့သို့ ဖြစ်လာ တတ်ပါသည်။ သန်ကောင် သယ်ဆောင်ထားသော ခြင်ကိုက် ခံရပြီး ရောဂါ လက္ခဏာ ပေါ်ရန်အတွက် ခြောက်လမှ ရှစ်လ အထိကြာတတ်ပါသည်။

ကမ္ဘာပေါ်မှာ လူဦးရေ သန်းပေါင်း ၁၄ဝဝ သည် ဆင်ခြေထောက် ရောဂါ ကူးစက်နိုင်သည့် အန္တရာယ် ရှိသော နိုင်ငံပေါင်း ၇၃ နိုင်ငံတွင် နေထိုင် လျက်ရှိပြီး ယင်းတို့ အနက် ၆၅ ရာခိုင်နှုန်းမှာ အရှေ့တောင် အာရှ ဒေသမှ ဖြစ်ပြီး ၃ဝ ရာခိုင်နှုန်းမှာ အာဖရိက နိုင်ငံများနှင့် ကျန်သည့် ၅ ရာခိုင်နှုန်းမှာ အပူပိုင်း ဒေသ နိုင်ငံများ ဖြစ်ပါသည်။ ကမ္ဘာ ပေါ်တွင် လူဦးရေ သန်း ၁၂ဝ ၌ ဆင်ခြေထောက် ရောဂါ ကူးစက်မှု ရှိနေပြီး လူဦးရေသန်း ၄ဝ ကျော်မှာ ဆင်ခြေထောက် ရောဂါ လက္ခဏာ တစ်ခုခုကို ခံစား နေကြရသည်။ လူဦးရေသန်း၇ဝ ကျော်မှာ ရောဂါ လက္ခဏာ မပြဘဲ ရောဂါ ငုပ်နေသည့် အခြေအနေတွင် ရှိပါသည်။ အရှေ့တောင် အာရှဒေသ ဆိုင်ရာ နိုင်ငံ (၁၁) နိုင်ငံ အနက် မြန်မာ နိုင်ငံ အပါအဝင် နိုင်ငံကိုး

နိုင်ငံသည် ဆင်ခြေထောက် ရောဂါ အမြစ် တွယ်မှုရှိပြီး ပြည်သူ လူထု အတွင်း ကျန်းမာရေး ပြဿနာတစ်ရပ် ဖြစ်လျက်ရှိသည်။ ၎င်းနိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မော်လ်ဒိုက်၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံနှင့် တီမောလက်စ်တေ နိုင်ငံများ ဖြစ်ပါ သည်။ သို့ဖြစ်ပါ၍ ၁၉၉၇ ခုနှစ်က ကျင်းပခဲ့သော ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး၏ အကြိမ် (၅ဝ) မြောက် ညီလာခံမှ ဆုံးဖြတ် ခဲ့သည့် ဆုံးဖြတ်ချက် (၅၉)အရ '' ၂ဝ၂ဝ ပြည့်နှစ်တွင် ဆင်ခြေထောက် ရောဂါ ကင်းဝေးရေး'' ရည်မှန်းချက်ကို မြန်မာနိုင်ငံ အပါအဝင် ဆင်ခြေထောက် ရောဂါ အမြစ်တွယ်မှု ရှိသော နိုင်ငံများက အကောင်အထည်ဖော် ဆောင်ရွက် သွားရန် ဆုံးဖြတ် ခဲ့ကြသည်။

၎င်းနိုင်ငံ ကိုးနိုင်ငံတွင် ရောဂါ အမြစ်တွယ်မှုကို မြေပုံဖြင့် ဖော်ပြရာတွင် အမြစ်တွယ်မှု ရှိပြီး လူအားလုံး ဆေးတိုက်ရန် ရည်မှန်းချက် ထားရှိသော အကောင်အထည်ဖော် ဆောင်ရွက် ရမည့် ညငအျ ပေါင်း ၉ဝ၁ ခုရှိသည်။ ၎င်းအနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ၃၄ ခု(၃ ဒသမ ၈ ရာခိုင်နှုန်း)၊ အိန္ဒိယ နိုင်ငံတွင် ၂၅ဝ ခု (၂၇ ဒသမ ၇ ရာခိုင်နှုန်း)၊ အင်ဒိုနီးရှား နိုင်ငံတွင် ၃၃၇ ခု(၃၇ ဒသမ ၄ ရာခိုင်နှုန်း)၊ မော်လ်ဒိုက် နိုင်ငံတွင် ၃၄ ခု (၃ ဒသမ ၈ ရာခိုင်နှုန်း)၊ မြန်မာ နိုင်ငံတွင် ၄၅ ခု (၅ ရာခိုင်နှုန်း)၊ နီပေါ နိုင်ငံတွင် ၆ဝ ခု (၆ ဒသမ ၇ ရာခိုင်နှုန်း)၊ သီရိလင်္ကာ နိုင်ငံတွင် ၈ ခု (သုည ဒသမ ၉ ရာခိုင်နှုန်း)၊ ထိုင်း နိုင်ငံတွင် ၈၇ ခု (၉ ဒသမ ၇ ရာခိုင်နှုန်း)နှင့် တီမောလက်စ်တေ နိုင်ငံတွင် ၄၆ ခု (၅ ဒသမ ၁ ရာခိုင်နှုန်း)ဖြစ်ပါသည်။ သီရိလင်္ကာနှင့် မော်လ်ဒိုက် နိုင်ငံများတွင် ဆေးတိုက် ကျွေးရန် ရည်မှန်း ထားသော အကောင်အထည်ဖော် ဆောင်ရွက်ရမည့် Units အားလုံးမှ လူများအား ငါးကြိမ် နှင့်အထက် ဆေးတိုက် ကျွေးပြီး ဆင်ခြေထောက် ရောဂါ တွေ့ရှိမှု နှုန်းမှာ လူဦးရေ ၁ဝဝဝ လျှင် တစ်ယောက်ထက် လျော့နည်း

သွားပြီ ဖြစ်ပါ၍ ဆင်ခြေထောက် ရောဂါ ကင်းဝေးသည့် နိုင်ငံများအဖြစ် ကြေညာ နိုင်တော့ မည်ဖြစ်ပါသည်။

လူအားလုံး ဆေးကျွေးခြင်း လုပ်ငန်း မစတင်မီ မြန်မာ နိုင်ငံတွင် ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှုကို သိရှိနိုင်ရန် မြေပုံဖြင့် ဖော်ပြခြင်းကို ဆောင်ရွက်ခဲ့ရာ ၎င်းအချိန်က ခရိုင်ပေါင်း ၆၅ ခရိုင်အနက် ၄၅ ခရိုင်တွင် အမြစ်တွယ် လျက်ရှိကြောင်း တွေ့ရှိခဲ့ရပါသည်။ ၂ဝဝ၁ ခုနှစ် တွင် ဆင်ခြေထောက် ရောဂါ အမြစ်တွယ်မှု များသည် မကွေး တိုင်း ဒေသကြီးမှ မကွေး ခရိုင် နှင့် သရက်ခရိုင်တွင် လူအားလုံး ဆေးကျွေးခြင်း လုပ်ငန်းကို စတင် ခဲ့ပါသည်။ ၂ဝဝ၂ ခုနှစ်

တွင် မကွေးတိုင်း ဒေသကြီးမှ မင်းဘူး ခရိုင်နှင့် ပခုက္ကူခရိုင်၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်၊ ရွှေဘိုခရိုင်၊ တမူးခရိုင်၊ ကသာခရိုင်၊ ကလေး ခရိုင်တွင်လည်း ကောင်း၊ ၂ဝဝ၄ ခုနှစ်တွင် ၎င်းခရိုင်များအပြင် မန္တလေး တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်မှ ခရိုင်များ အားလုံးတွင် လူအားလုံး ဆေးကျွေးခြင်း လုပ်ငန်း ဆောင်ရွက် ခဲ့ပါသည်။ လူအားလုံး ဆေးကျွေးခြင်း လုပ်ငန်း ဆိုသည်မှာ ဆေးတိုက် ကျွေးမည့် ခရိုင်ရှိ လူဦးရေ စုစုပေါင်း အနက် နှစ်နှစ် အောက်ကလေး၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ ရောဂါ တစ်ခုခုကြောင့် ဆေးစွဲ သောက် နေရသူများနှင့် အိပ်ရာထဲလဲ နေသူမှအပ ကျန်သည့် လူများ အားလုံးကို တစ်ပတ် အတွင်း တစ်နှစ်လျှင် တစ်ကြိမ် အနည်းဆုံး ငါးနှစ် ဆက်တိုက် တိုက်ကျွေး ရမည်ဖြစ်ပါသည်။ တိုက်ကျွေးသည့် ဆေးမှာ DEC (Diethylcarbamazine Citrate)နှင့် Albendazole သန်ချဆေး စသည့် နှစ်မျိုး ဖြစ်ပါသည်။ ဤကဲ့သို့ တစ်နှစ်လျှင် တစ်ကြိမ် ငါးနှစ် ဆက်တိုက် တိုက်ကျွေး ခြင်းဖြင့် ရောဂါ လက္ခဏာ မပြဘဲ ဆင်ခြေထောက်ရှိ နေသူများတွင် သန်ကောင်ငယ်များနှင့် သက်ကြီးကောင်များ သေဆုံး၍ ရောဂါ ကင်းစင်မည်။ ခန္ဓာ ကိုယ်တွင်း၌ ဆင်ခြေထောက် ရောဂါ မရှိသူများတွင် ဆေးအာနိသင်ကြောင့် ရောဂါ ကူးစက်မှုမှ ကာကွယ် နိုင်မည်။ ဆင်ခြေထောက် ရောဂါ လက္ခဏာ မပြသော သူများ၏ သားနံကျိတ်ထဲတွင် နေသော သက်ကြီးကောင်များနှင့် ၎င်းတို့မှ ဆက်လက် မွေးထုတ် ပေးသော သန်းပေါင်း များစွာသော သန်ကောင်ငယ်များကို သေစေရန်အတွက် ငါးနှစ် ဆက်တိုက် ဆေးတိုက် ကျွေးရခြင်း ဖြစ်ပါသည်။ သန်ချဆေးနှင့် တွဲ၍ တိုက်ခြင်းကြောင့် အူလမ်းကြောင်းတွင် နေထိုင်သော အခြား သန်ကောင်များ သေဆုံး နိုင်ပြီး အထူးသဖြင့် ကလေးများတွင် သန်ကောင် ရောဂါ မရှိခြင်းအားဖြင့် စားသမျှ အာဟာရကိုလည်း ကောင်းမွန်စွာ ရရှိမည် ဖြစ်ပါသည်။ လူအားလုံး ဆေးကျွေးခြင်း လုပ်ငန်းကို သန်ကောင်ရောဂါ စီမံချက်နှင့် ပူးပေါင်း၍ ဆောင်ရွက် သွားမှာ ဖြစ်ပါသည်။

ယခုနှစ်တွင် မြန်မာ နိုင်ငံ၌ ဆင်ခြေထောက်ရောဂါ ကင်းဝေးရန်အတွက် လူအားလုံး ဆေးကျွေးခြင်း လုပ်ငန်းကို လက်ရှိ တိုက်ကျွေး လျက်ရှိသော မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် နေပြည်တော် တို့အပြင် ပထမအကြိမ် အဖြစ် ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များမှ မြို့နယ်များတွင် စက်တင် ဘာ ၉ ရက်မှ ၁၅ ရက်အထိ ပြုလုပ်မှာဖြစ်သည်။

ယခု တိုက်ကျွေးမည့် ဆေးများဖြစ်သည့် DEC နှင့် Albendazole ဆေးများသည် ထင်ရှားသော ဘေးထွက် ဆိုးကျိုးများ မရှိပါ။ DEC ၏ အဖြစ်များသော ဘေးထွက် ဆိုးကျိုးမှာ မူးဝေခြင်း၊ အော့အန်ခြင်း၊ ယားယံခြင်း၊ မျက်နှာ အထူးသဖြင့် မျက်စိ ဝန်းကျင်တွင် ရောင်ရမ်း လာခြင်း၊ ရံဖန်ရံခါ ဖျားခြင်း၊ အရေပြား အဖုအပိမ့် ထွက်ခြင်းနှင့် လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့တွင် အကျိတ်များ ထွက်ကာ နာလာခြင်း တို့ဖြစ်သည်။ Albendazole ၏ ဘေးထွက် ဆိုးကျိုးမှာ ပျို့ခြင်း၊ အန်ခြင်း တို့ဖြစ်သည်။ ၎င်းဘေးထွက် ဆိုးကျိုးများသည် ဆေးသောက်ပြီး ၂၄ နာရီအတွင်း ဖြစ်တတ်ပါသည်။ Albendazoleသည် အစာလမ်းကြောင်းမှလွဲ၍ ကျန်သည့် ခန္ဓာကိုယ် အစိတ်အပိုင်း များကို ထိခိုက်မှု (Systemic Side Effect) မရှိပါ။

ဆင်ခြေထောက် ရောဂါ၏ သဘာဝအရ DEC သောက်ပြီးလျှင် ဆင်ခြေထောက်ပိုးများ သေကျေ ပျက်စီး သွားသည့် အတွက် ယင်းတို့မှ ထွက်လာသော ဓာတ်ပစ္စည်း များကြောင့် ခန္ဓာကိုယ်တွင် ဖျားနာခြင်း၊ အင်ပျဉ်ထွက်ခြင်း၊ ခြေလက်များ ကိုက်ခဲ၍ မသယ်ချင်ဖြစ်ခြင်း၊ ယောက်ျား များတွင် ဝှေးစေ့ရောင်ခြင်း၊ ခြေထောက် အနည်းငယ် ရောင်လာ တတ်ခြင်းတို့ ဖြစ်တတ် ပါသည်။ ယင်းတို့သည် ဆေးသောက်ပြီး ၂၄ နာရီ ကျော်လျှင် စတင် ပေါ်လာပြီး ၁ ရက် ၂ ရက်အတွင်း ပျောက်သွားမည်ဖြစ်ပါသည်။
၎င်းဘေးထွက် ဆိုးကျိုး များအတွက် B-6 ပေးခြင်း၊ ဓာတ်ပစ္စည်း များကြောင့် ဖျားလျှင် Paracetamol၊ အင်ပျဉ်ထလျှင် Anti histamine စသည်တို့ကို တစ်နေ့လျှင် တစ်ကြိမ် တစ်ပြား၊ နှစ်ကြိမ် တစ်ပြား စသဖြင့် တိုက်ကျွေးခြင်းဖြင့် သက်သာ ပျောက်ကင်း စေပါသည်။ သက်သာ ပြီးသည့်အခါ DEC ၆ မီလီဂရမ်/ ကိုယ်အလေးချိန် x တစ်နေ့သုံးကြိမ်ခွဲ၍x ၁၂ ရက်

(ဥပမာ- ကိုယ်အလေးချိန် ၅ဝ ကီလိုဂရမ် ရှိသော လူဖြစ်ပါက စုစုပေါင်း ၃ဝဝ မီလီဂရမ် ကျွေးရမည် ဖြစ်ရာ ၁ဝဝ မီလီဂရမ် တစ်နေ့ ၃ ကြိမ်x ၁၂ ရက်) တိုက်ကျွေး ရန်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ပြည်သူ လူထု အနေဖြင့် ဆေးသောက်ပြီး မူးဝေခြင်း၊ ဖျားခြင်းစသော လက္ခဏာများ ဖြစ်ပါက မိမိအား ဆေးတိုက် ခဲ့သော အဖွဲ့အား သတင်းပို့ရန်၊ ဆေးတိုက် အဖွဲ့မှလည်း သက်ဆိုင်ရာ ကျန်းမာရေး တာဝန်ခံအား သတင်း ပေးပို့ခြင်း၊ လိုအပ် ပါက ဆေးရုံပို့ခြင်း တို့ကို ပြုလုပ်ရမည်။

နိဂုံးချုပ် အနေဖြင့် ယခုနှစ် လူအားလုံး ဆေးကျွေးခြင်း လုပ်ငန်းကို မြို့နယ်အလိုက် စီမံ ချက်များ ရေးဆွဲပြီး လူဦးရေ စာရင်း ကောက်ယူခြင်း၊ လိုအပ်သော ဆေးဝါးများကို မှာယူခြင်း၊ ဆေးများကို မြို့နယ်များသို့ ဖြန့်ဝေခြင်း၊ ကျန်းမာရေး ပညာပေး လက်ကမ်း စာစောင်များ၊ ဆေးတိုက် လမ်းညွှန်များကို ဖြန့်ဝေခြင်း လုပ်ငန်းများကို ဆောင်ရွက် ပြီးစီးပြီ ဖြစ်၍ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများအား အသိပေး ဆွေးနွေးခြင်း၊ ပြည်သူ လူထုအား ကျန်းမာရေး ပညာပေးခြင်းနှင့် ဆေးတိုက်ရာတွင် ပါဝင်မည့် ဆေးတိုက် အဖွဲ့ဝင်များကို ဆေးတိုက် ကျွေးခြင်းနှင့်ပတ်သက်၍ သေသေချာချာ သင်ကြား ပို့ချခြင်းသည် အလွန်အ ရေးကြီးသည်။ သို့မှသာ ဆေးတိုက် အဖွဲ့ဝင်များ အိမ်တိုင်ရာရောက် မိမိရှေ့တွင် ဆေးတိုက်

ကျွေးခြင်းကို ထိထိရောက်ရောက် ဆောင်ရွက် နိုင်မည် ဖြစ်ပြီး မလိုလား အပ်သော ဆေး၏ ဆိုးကျိုး များကို လျော့နည်း စေနိုင်မှာ ဖြစ်ပါကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။ ။ ပေါက်ခေါင်းသတင်း

မြ၀တီ

http://myawadynews.blogspot.com/2013/09/blog-post_9168.html

0 comments:

Post a Comment

Facebook Like Page