မြန်မာပြည်တွင် မော်တော်ကားမောင်းမည်ဆိုလျှင်
မြန်မာပြည်တွင် ကားမောင်းရန် ကားပေါ်တက်၍...
 စတီယာရင်ဂွေကို လက်ဖြင့်ကိုင်လိုက်ပါက...
 သင့် ခြေထောက်တစ်ဘက်နှင့် လက်တစ်ဘက်ကို...
 အချုပ်ခန်းထဲတွင် ထားပြီးမောင်းနေသည်ဟု မိတ်ဆွေများ သိထားရန်လိုပါသည်...
 
 အဘယ့်ကြောင့်နည်းဆိုသော်...
 မြန်မာပြည် မြို့ရွာအနှံ့အပြားမောင်းနှင်နေကြသော...
 ယာဉ်စည်းကမ်း...လမ်းစည်းကမ်း နားလည်ခြင်းမရှိ...
 ယာဉ်ကြောနှင့် မော်တော်ယာဉ် ဥပဒေကို သိရှိခြင်းမရှိသော...
 စည်းကမ်းမဲ့ မော်တော်ဆိုင်ကယ်များက မိတ်ဆွေတို့အား...
 အချုပ်ထဲထည့်ရန် ထောင်ထဲထည့်ရန် ဆီးကြိုနေကြလေသတည်း...
 
 ယာဉ်စည်းကမ်း...လမ်းစည်းကမ်းနားမလည်သဖြင့်...
 မောင်းချင်သလို မောင်းနေသော ဆိုင်ကယ်များက...
 
 (၁)လမ်းလည်ခေါင်တက်၍ အလည်တည့်တည့်မှတက်မောင်းမည်...
 (ဆိုင်ကယ်နှင့် အနှေးယာဉ်များ ဘယ်ကြောမကွေ့ပါက...
 ဘယ်ကွေ့ရန်အချက်ပြထားခြင်းမရှိပါက ညာကပ်မောင်းရမည်ကို နားမလည်ပါ)
 (၂)ဘယ် ညာကွေ့သောအခါ အချက်ပြမီး ပြသခြင်းမရှိ...
 တစ်ခါတည်း တန်းကွေ့သွားလေသည်...
 နောက်ကား နောက်ယာဉ်ကြည့်ခြင်းမရှိ...နောက်ကြည့်မှန် မပါသည်ကများပါသည်...
 (ဘယ် ညာကွေ့လိုပါက ၂၅ ကိုက်အကွာမှ အချက်ပြမီး ပြသရမည်ကို...
 နားလည်ခြင်းမရှိပါ)
 (၃)ဘယ်ကွေ့ရန်အချက်ပြထားသော မော်တော်ယာဉ်အား ဘယ်ဘက်မှ ကျော်သည်...
 ညာကွေ့ရန် အချက်ပြထားသောကားအား ညာဘက်မှကျော်သည်...
 (ဘယ်ကွေ့ရန်အချက်ပြထားသော မော်တော်ယာဉ်အား ဘယ်ဘက်မှ မကျော်ရ...
 ညာကွေ့ရန်အချက်ပြထားသော မော်တော်ယာဉ်အား ညာဘက်မှ မကျော်ရ...
 စသည့် ယာဉ်စည်းကမ်းကို နားလည်ခြင်းမရှိပါ)
 (၄)မော်တော်ယာဉ်အား ပွတ်ကာသီကာကပ်၍ ညာဘက်မှ ဇွတ်ကျော်သည်...
 (ပုံမှန်မောင်းနှင်နေသောအချိန်တွင် မော်တော်ယာဉ်အား ညာဘက်မှ...
 မကျော်ရသော ယာဉ်ကျော်တက်ခြင်းစည်းကမ်းကို မသိရှိကြပါ)
 (၅)လမ်းငယ်များအတွင်းမှ လမ်းမကြီးပေါ်သို့တက်သောအခါ...
 မည်သည့်ယာဉ်မှ ကြည့်ရှု့ခြင်းမရှိ လမ်းကြီးအလယ်သို့ တစ်ခါတည်း...
 မောင်းတက်လေသည်...
 (လမ်းငယ် လမ်းသွယ်များမှ ဦးစားပေးယာဉ်ကြော လမ်းမကြီးပေါ်သို့...
 မောင်းနှင်ဝင်ရောက်ရာတွင် ရပ် ကြည့် သွား ဟူသော လမ်းစည်းကမ်းကို...
 နားမလည်ပါ)
 (၆)ဆိုင်ကယ်စီးဦးထုပ် ဆောင်းထားခြင်းမရှိသည်က များပါသည်...
 ဆိုင်ကယ်စီးဦးထုပ် မဆောင်းသဖြင့် ယာဉ်တိုက်မှု့ဖြစ်ပါက...
 ခေါင်းနှင့် လမ်းမကြီးရိုက်ကာ သေဆုံးကြရပါသည်...
 ကားနှင့် တိုက်မိပါက မြန်မာပြည်၏...
 ယာဉ်ကြီး ယာဉ်ငယ် ဥပဒေအရ ကားမောင်းသူ အချုပ်ကျ ထောင်ကျမည်ဖြစ်ပါသည်...
 (၇)မြန်မာပြည်၏ ယာဉ်ကြီး ယာဉ်ငယ် ဥပဒေအရ...
 တိုက်မိပါက အလျော်ရမည်ဟု သိထားသောကြောင့် ကားများကို...
 ပမာမခန့်လုပ်ကာ မောင်းနှင်သည်...
 အဝိုင်းပတ်ယာဉ် ဦးစားပေးဆိုသည်ကိုလည်း နားမလည်သဖြင့်...
 အဝိုင်းများတွင် အတည့်ယာဉ်ကြောမှ ဇွတ်ဝင်ကြပါသည်...
 အဝိုင်းပတ်ယာဉ်ဦးစားပေဟူ၍ အမှန်အတိုင်းမောင်းနှင်ပါက...
 လှမ်းဆဲကြကုန်လေ၏...
 
 မြန်မာပြည်၏ တာဝန်ရှိသူ လူကြီးမင်းများသည်...
 မြန်မာပြည်၏ ယာဉ်ကြီး ယာဉ်ငယ် ဥပဒေကို ပြန်လည်သုံးသပ်...
 ပြင်ဆင်ပေးသင့်ပါသည်...
 မည်သည့်ယာဉ်က မှန်သည် မှားသည်ဖြစ်စေ...
 ကားမောင်းသူကသာ ခံရသော ဥပဒေသည်...
 ယာဉ်မောင်းနှင်သူများအပေါ်တွင် တစ်ဘက်သက်ကျလွန်းသည်ဟု...
 ထင်မြင်မိပါသည်...ယာဉ်တိုက်မှု့ဖြစ်လျှင် ပတ်ဝန်းကျင်သက်သေများ...
 ရှိကြသည်က များပါသည်...ပတ်ဝန်းကျင် သက်သေများ၏...
 ပထမအစစ်ခံထွက်ဆိုချက်အပေါ် မူတည်၍ စဉ်းစားဆုံးဖြတ်သော...
 နည်းလမ်းကို ကျင့်သုံးပါက နှစ်ဦး နှစ်ဘက် အစဉ်ပြေမည်ဟု ထင်မြင်ယူဆမိပါသည်..
 ထိုင်းတွင်တော့ မှားသည့်ယာဉ်က ခံရစမြဲဖြစ်ပါသည်...
 
 ကားမောင်းသူများသည် နောက်တွင် မှီခိုသူမိသားစုများရှိသလို...
 ဆိုင်ကယ်မောင်းနှင်သူများ၏ နောက်တွင်လည်း မိသားစုများရှိကြသည်ကို...
 ယာဉ်မောင်းသူတိုင်း နားလည် သဘောပေါက်ကြပါသည်...
 မည်သည့် ယာဉ်မောင်းမှ ကြက်ကလေးတစ်ကောင်တောင်...
 အလဟသ မတိုက်ချင်ကြပါ...
 သူ့အသက်...ကိုယ့်အသက်...သူ့အသား ကိုယ့်အသားထိလျှင်...
 သေတတ် နာတတ်သည်ကိုလည်း ယာဉ်မောင်းတိုင်းနားလည်ကြပါသည်...
 
 မြန်မာပြည်တွင် စည်းကမ်းမဲ့ ဆိုင်ကယ်မောင်းနှင်သူများကြောင့်...
 အချောင် အချုပ်ကျ ထောင်ကျကာ မိသားစု ဒုက္ခပင်လယ်ဝေသွားသော...
 ယာဉ်မောင်းသူ ဘယ်လောက်ရှိပြီဆိုတာကိုတော့...
 အမှန်တရားကို ချစ်မြတ်နိုးသော လောကပါလ နတ်မင်းကြီးသာ...
 သိရှိပါလိမ့်မည်...
 
 မိတ်ဆွေ မြန်မာပြည်တွင် သင် ကားမောင်းနှင်ပြီဆိုပါက...
 ကားပေါ်ရှိ အသက်အားလုံးသည် သင့်လက်ထဲတွင် ရှိသည်ကိုသာ...
 သိရှိရုံမက...
 သင့် ခြေတစ်ဘက်နှင့် လက်တစ်ဘက်သည် အချုပ်ထဲတွင်ရှိသည်ကို...
 မိတ်ဆွေ သူငယ်ချင်း ယာဉ်မောင်းနှင်သူတိုင်း နားလည်ထားကြရန်တော့...
 အမှန်တစ်ကယ် လိုအပ်ပါတယ်ခင်ဗျာ...
 Credit to >>> Toetar Atoe
                                                             
Tuesday, September 30, 2014
Subscribe to:
Post Comments (Atom)





 
 
 
 
 
 
 
0 comments:
Post a Comment