ဖုန်းကဒ်ထိန်ချန်ထားသည့် အုပ်ချုပ်ရေးမှူးကို တိုင်ကြားလာပါက အရေးယူမည်ဟု ၀န်ကြီးပြော
 Thursday, September 19, 2013 
 
 အစိုးရက လစဉ် ရောင်းချပေးနေသည့် တန်ဖိုးနည်းဖုန်းကတ်များကို 
ခွဲတမ်းရရှိသလောက် အပြည့်အ၀ မဲဖောက် ရောင်းချမပေးသည့် မည်သည့် 
အုပ်ချုပ်ရေးမှူးကိုမဆို ပြည်သူလူထုက တိုင်ကြားလာပါက စစ်ဆေး အရေးယူ မည်ဟု 
ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က စက်တင်ဘာ ၁၈ က 
ပြုလုပ်သည့် ရန်ကုန်တိုင်း လွှတ်တော်တွင် ပြောဆိုလိုက်သည်။
 
 လစဉ် မဲဖောက်ရောင်းချပေးသည့် ဖုန်းကတ်များကို အုပ်ချုပ်ရေးမှူး အချို့က 
ခွဲတမ်းရရှိထား သလောက် ရောင်းချ မပေးဘဲ ထိန်ချန်ကာ ပြင်ပသို့ 
ရောင်းချနေကြောင်း တိုင်ကြားစာများ ရရှိထားသည်ဟု လမ်းမတော်မြို့နယ်မှ 
တိုင်းအမတ် ဦးစိုးဝင်း၏ မေးခွန်းကို ၀န်ကြီးက ပြန်လည် 
ဖြေကြားခဲ့ခြင်းဖြစ်သည်။
 
 ရပ်ကွက်၊ ကျေးရွာအချို့ရှိ 
အုပ်ချုပ်ရေးမှူးများက ဖုန်းကတ်မဲပေါက်ပြီးသော အိမ်ထောင်စုကို 
ဖယ်ထုတ်ခြင်းမရှိဘဲ ကျန်မိသားစုများကို ဆက်လက် မဲနှိုက်စေခြင်းနှင့် 
ဖုန်းကတ်များ ထိန်ချန်၍ ပြင်ပသို့ ပြန်လည် ရောင်းချခြင်း
 ကြောင့် ပြည်သူအကြားတွင် မကျေနပ်မှုများ ဖြစ်နေသည်ဟု ဦးစိုးဝင်းက လွှတ်တော်တွင် ပြောဆိုသွားသည်။
 
 ထိုအပြုအမူများမှာ “ပြည်သူလူထုက အစိုးရအဖွဲ့အား အကြည်ညို ပျက်စေတယ်လို့ ယူဆမိပါတယ်” ဟု လည်း သူက ဝေဖန်လိုက်သည်။
 
 သို့သော် မည်သည့် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်မှ အုပ်ချုပ်ရေးမှူးဖြစ်သည်ဟု အတိအကျ ပြောဆိုသွားခြင်း မရှိပေ။
 
 ၁၅၀၀ ကျပ်တန် GSM/CDMA ဖုန်းများကို ရပ်ကွက်အသီးသီးတွင် မဲစနစ်ဖြင့် 
ချထားပေးနေပြီး လက်ရှိတွင် ထိုဖုန်းများ၏ ပြင်ပပေါက်ဈေးမှာ 
ကျပ်ခြောက်သောင်းမှ တစ်သိန်းကျော်အထိ ဈေးရှိနေသည်။
 
 ကျပ် ၁၅၀၀တန် 
မိုဘိုင်းဖုန်းများကို ပြည်တွင်းတွင် ဧပြီလက စတင်ချထားပေးခဲ့ပြီး 
ရန်ကုန်တိုင်းအတွင်း သြဂုတ်လအထိ ဆင်းမ်ကတ်ပေါင်း ငါးသိန်းကျော် 
ချထားပေးခဲ့ပြီးဖြစ်သည်ဟု ၀န်ကြီးက အမတ်များကို ရှင်းပြခဲ့သည်။
 
 Mizzima - News in Burmese  Myawady News မှကူးယူဖေါ်ပြပါသည်။                  ပေါက်ခေါင်းသတင်း
Wednesday, September 18, 2013
Subscribe to:
Post Comments (Atom)




 
 
 
 
 
 
 
0 comments:
Post a Comment