Wednesday, April 9, 2014

သိမ်နှင့် သာသနာ

*** "သိမ်နှင့် သာသနာ" ***
~~~~~~~~~~~~~~~~~~~

ဝိနည်းသည် သာသနာတော်၏ အသက်ဖြစ်သည့်နည်းတူ သိမ်နှုတ်ခြင်း၊ သိမ်သမုတ်ခြင်းသည်လည်း သာသနာ၏အသက်ပင်ဖြစ်သည်။ ရတနာမှာစိန်၊ သဒ္ဒါမှာလိင်၊ ဝိနည်းမှာသိမ်ဟုပင် ဆိုထုံးစကားရှိခဲ့ဖူး၏။ သိမ်ဟူသည် သီမာဟူသော ပါဠိမှ ဆင်းသက်၍ အပိုင်းအခြားဟူသော အဓိပ္ဗါယ်ကို ဆောင်ပါသည်။ အပိုင်းအခြားဟူသည်မှာလည်း သာမန်အပိုင်းအခြားမျိုးမဟုတ်၊ မြတ်စွာဘုရား၏ သားတော် ရဟန်းသံဃာတော်များ ကံကြီး ကံငယ်ပြုနိုင်ရန်အတွက် ရေ၊ မြေ၊ နယ်သီးခြားတစ်ခု အနေဖြင့် ဝိနည်းတော်နှင့် အညီ အသိအမှတ်ပြု၍ သတ်မှတ်ထားသည့် အပိုင်းအခြားမျိုးဖြစ်ပါသည်။ ထိုသို့ပိုင်းခြားထားရာ သိမ်တော်အတွင်း၌ပင် သံဃာတော်အရှင်မြတ်များ စုဝေးညီညာ ပေါင်းစည်း၍ ရဟန်းခံခြင်း ဥပုသ်ပြုခြင်းစသော ကံကြီး ကံငယ် အမျိုးမျိုးတို့ကို ကောင်းစွာ ဆောင်ရွတ်ကြရပေသည်။ ထို့ကြောင့် သိမ်ဟူသည် သံဃာတော်များ၏ မွေးဖွားရာလည်းဖြစ်၍ ကြီးပြင်းရာလည်း ဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုရပါလျှင် မြတ်စွာဘုရားရှင်၏ သာသနာအရုဏ်ဦး ကာလများ၌ ဧဟိဘိက္ခု-သရဏဂုံစသော နည်းအမျိုးမျိုးဖြင့် ရဟန်းတော်ဘဝမျိုးကို ရနိုင်ခဲ့ကြသော်လည်း နောက်ပိုင်းကာလများမှာကား ထိုသို့ မရနိုင်တော့ပေ။ သတ်မှတ်ပေးသည့် သိမ်တော်အတွင်း၌သာ ဝိနည်းတော်နှင့်အညီ လိုက်နာဆောင်ရွတ်၍ ပစ္စယ- ဓမ္မ အနုဂ္ဂဟနှစ်ပါးဖြင့် မြင့်မြတ်သော ရဟန်းတော်ဘဝသို့ တက်လှမ်းကြရ၏။ ဤနည်းမှတစ်ပါး တခြားမှန်ကန်သောနည်းလမ်းဟူ၍ မရှိတော့ပေ။ ဦးပဉ္စင်းဟူသောဝေါဟာရသည်ပင် သာမန်ဝေါဟာရမျိုးမဟုတ်၊ ဝတ္ထု၏ပြည့်စုံခြင်း၊ ဉတ်၊ ကမ္မဝါ-သိမ်-ပရိသတ်၏ပြည့်စုံခြင်းဟူ၍ အင်္ဂါငါးမျိုးပြည့်စုံမှသာလျှင် ရဟန်းတော်အဖြစ်သို့ ရောက်နိုင်၏။ အထူးအားဖြင့် လောက၌ ဝိနည်းပျောက်ကွယ်လျှင် သာသနာတော်မြတ်ကြီး ပျောက်ကွယ်နိုင်သကဲ့သို့ သိမ်ပျောက်သွာလျှင်လည်း ရဟန်းစစ်၊ ရဟန်းမှန်၊ သံဃာစစ်၊ သံဃာမှန်များ ပျောက်ကွယ်သွားနိုင်ပေသည်။ ဝိနည်းမတည်လျှင် သာသနာတော် မတည်နိုင်သကဲ့သို့ သိမ်မရှိလျှင်လည်း ရဟန်းသံဃာတော်အစစ်အမှန်ဟူ၍ ရှိလာနိုင်တော့မည် မဟုတ်တော့ပေ။ ထို့ကြောင့် ဝိနည်းသည် သာသနာတော်၏ အသက်ဖြစ်သကဲ့သို့ သိမ်သည်လည်း သံဃာတော်အဆက်ဆက်၏ အသက်(ဝါ) မြတ်စွာဘုရားသာသနာတော်မြတ်ကြီး၏ အသက်ပင်ဖြစ်ပါသည်။ သာသနာတော်ပိုင်းအရ အတိတ်သာသနာတော်ကိုရှုမြင်၍ အနာဂတ်သာသနာအရေးကို မျှော်တွေးကြည့်လျှင် ပစ္စုပ္ဗန်သာသနာတော်ပိုင်းသည် အလွန်ပင် အရေးကြီးကြောင်း ထင်ရှားလှပါသည်။ အရှင်သာရိပုတ္တရာ၊ အရှင်မဟာကဿပစသော အဂ္ဂသာဝက= မဟာသာဝကမထေရ်ကြီးများမှစ၍ ထေရဝါဒ ဆရာဒကာ အဆက်ဆက်တို့သည် မိမိတို့ခေတ်၊ ကာလအားလျှော်စွာ သာသနာတော် အစဉ်မပျက်အောင် ဆောင်ရွတ်ကြရာ၌ တခြားသာသနာ့တာဝန်များအပြင် ဤ-သိမ်ဟူသော အပိုင်းကဏ္ဍကိုလည်း အထူးဂရုပြု၍ ဆောင်ရွတ်ခဲ့ကြကြောင်း ထင်ရှားသည်ဖြစ်၏။ ဆိုလိုသည်မှာ မြတ်စွာဘုရား သာသနာတော်ကို စဉ်လာမပျက် အသက်ဆက်၍ လက်ဆင့်ကမ်းသယ်ဆောင်တော်မူကြ ရာ၌ ဤသိမ်မှုဆိုင်ရာကိစ္စတို့သည်လည်း ရေသောက်မြစ်ပမာ လွန်စွာအရေးကြီး သောကြောင့် အထူးဂရုပြုသင့်သော အခန်းကဏ္ဍမျိုးမှာ ပါဝင်နေကြောင်း ဖော်ပြလိုခြင်း ဖြစ်ပါတယ်။ ထိုကြောင့် လိုအပ်နေသော သိမ်တော်သစ်များကိုလည်း နည်းလမ်းတကျ သမုတ်ကြရာသကဲ့သို့၊ အောင်မြင်ပြီးသော သိမ်တော်ဟောင်းများကိုလည်း စနစ်တကျ အထူးပြု၍ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သင့်ပေသည်။ အမှန်တကယ်အားဖြင့်လည်း သာသနာတော်သုံးပါးလုံး၏ အရင်းတကာတို့ထက် အရင်းမြစ်ဖြစ်သော သိမ်ဟူသည် အလွန်နက်နဲပါ၏။ အမြစ်အရင်း ပျက်စီးသော် သစ်ပင်သည် ပျက်စီးရသကဲ့သို့ သိမ်ပျက်စီးသော် သာသနာတော် သုံးပါးလုံးအရင်းမှစ၍ ပျက်စီးသည် မည်ပါ၏။ (ဒေါက်တာအရှင်ဝိလာလင်္ကာရ-အဂ္ဂမဟာကျော်) ၏ သိမ်တော်မှ အပြန်ခရီး ဆောင်းပါးမှ ကောက်နှုတ်ပူဇော်၏။ သာသနာတော်၌ သိမ်သည် လွန်စွာအရေးပါ၏။ သိမ်မရှိလျှင် ရဟန်းမဖြစ်နိုင်သဖြင့် မျိုးဆက်ပြတ်နိုင်၏။ ရဟန်းဖြစ်ဖို့ သိမ်ရှိရမည်။ ဘုရားပွင့်တုံ၊ လူဖြစ်ကြုံမှ ပြည့်စုံသမဏ၊ ဖြစ်နိုင်စွာ့မို ရဟန်းဘဝ၊ ရခဲလှ၏။ ရဟန်းဖြစ်ပြန်၊ အကျင့်မှန်ဖြင့်၊ ကျင့်ကြံကျန၊ ပျော်ခဲလှ၏။ သမဏချွန်၊ ဘဝမွန်ကို အကျွန်မျှော်ကိုး၊ အားမာန်ကြိုးမည် မြတ်နိုးသာသနာ အမြဲတည်း။ (ပါချုပ်ဆရာတော်ဘုရားကြီး အရှင်ဒေါက်တာနန္ဒမာလာဘိဝံသ) လူ့ဘုံမှာသာ ရှိသောသိမ် ရဟန်းတွေရှိမှ သာသနာတည်နိုင်တယ်။ ဒီရဟန်းတော်တွေ ဘယ်ကဖြစ်ကြသလဲ၊ သိမ်က ဖြစ်လာကြတယ်။ သိမ်ရှိမှ ရဟန်းပြုလို့ရတယ်။ သိမ်မရှိရင် ရဟန်းပြုလို့မရဘူး။ ရဟန်းတွေ မရှိရင် သာသနာလည်း မရှိနိုင်တော့ဘူး။ ဒါကြောင့် သာသနာတည်ဖို့ အကြောင်းတွေထဲမှာ သိမ်ဟာလည်း အရေးကြီးပြန်ပါတယ်။ သိမ်ဆိုတာလည်း ဘယ်ဘုံမှာပဲ ရှိနိုင်သလဲ၊ ဒီ လူ့ဘုံမှသာ ရှိနိုင်ပါတယ်။ လူ့ဘုံမှာလည်း မြတ်စွာဘုရား သာသနာထွန်းကားတဲ့ တိုင်းပြည်မျိုးမှာပဲ ရှိနိုင်ပါတယ်။ လူဘုံမှ အပ ကျန်သော ဘုံများမှာ သိမ်မရှိပါ။ ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ ကောင်းကျိုး လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)  Credit to ဗုဒ္ဓကမ္ဘာ>Thanks
Photo: *** "သိမ်နှင့် သာသနာ" ***

0 comments:

Post a Comment

Facebook Like Page